ယန္တရား အလုပ်ရုံများ

ယန္တရား အလုပ်ရုံများ အကြောင်း

မြန်မာ့မီးရထား၊ မြို့ပြအင်ဂျင်နီယာဌာနတွင် စက်၊ ယာဉ်၊ ယန္တရား (၃၃၇)စီးရှိပြီး အဆိုပါ စက်ယာဉ်ယန္တရားများအား ယန္တရားအလုပ်ရုံများမှ ပြုပြင်ထိန်းသိမ်းပေးလျက်ရှိပါသည်။ လုပ်ငန်းခွင် ဝင်ရောက်နိုင်သည့်စက်များကို ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းများ၊ ရထားလမ်း အဆင့်မြှင့် တင်ရေးလုပ်ငန်းများ၊ ရထားလမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် တိုင်းအသီးသီးတွင် အသုံးပြုရန် အတွက် ဖြန့်ခွဲပေးပို့၍ အသုံးပြုလျက် ရှိပါသည်။

ချို့ယွင်းလျက်ရှိသော စက်၊ ယာဉ်၊ ယန္တရားများကို စက်ချို့ယွင်းမှုအခြေအနေအလိုက် အကြီးစား၊ အလတ်စား၊ အသေးစား ပြုပြင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် အသေးစိတ်စစ်ဆေး၍ ဘဏ္ဍာငွေ သုံးစွဲဆောင်ရွက်ခွင့် တင်ပြတောင်းခံပြီး နှစ်အလိုက် ဘဏ္ဍာငွေ သုံးစွဲခွင့် ရရှိမှုအပေါ်မူတည်၍ ပြုပြင် ထိန်းသိမ်းပေးလျက်ရှိပါသည်။

အကြီးစားနှင့် အလတ်စား ပြုပြင်ရမည့်စက်များကို ယန္တရားအလုပ်ရုံများသို့ ရွှေ့ပြောင်းသယ်ယူ၍ ပြုပြင်ထိန်းသိမ်း ခြင်းများကို ဆောင်ရွက်ပေးပြီး အသေးစားပြုပြင်ရန် လိုအပ်သည့် စက်၊ ယာဉ်၊ ယန္တရားများကို ချို့ယွင်းသည့် စက်အမျိုးအစားနှင့် ပြုပြင်ရမည့် စက်အစိတ်အပိုင်းအလိုက် ကျွမ်းကျင်မှု ရှိသည့် စက်ပြင်ဝန်ထမ်းများအား လုပ်ငန်းခွင်များသို့ ရွေးချယ်စေလွှတ်၍ ပြုပြင်ထိန်းသိမ်းပေး လျက်ရှိပါသည်။

ပြုပြင်သုံးစွဲရန် မသင့်သည့်စက်များအား ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန၏ မြေပြင်ကွင်းဆင်း စစ်ဆေးသည့်အဖွဲ့များ၏ အတည်ပြုချက်ရယူ၍ စာရင်းမှ ပယ်ဖျက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပါသည်။

မြန်မာ့မီးရထားတိုင်းအားလုံးရှိ အားသုံး၊ အားမဲ့စက်ပစ္စည်း (Power and Non- Power Plants)၊ မြေထိုး၊ မြေသယ် စက်ကြီးများ (Earth Moving Euaipments)၊ သံလမ်းပြေးဝန်ချီစက်နှင့် သံလမ်းတိုင်းတာစက်အမျိုးမျိုး (Rail Cranes, Track Recording & Liming Machines)၊ သံလမ်းပြေးယာဉ် (RGC) (Rail Gang Car)၊ သံလမ်းလုပ်ငန်းယာဉ် (EMC) (Engineering Motor Coach)၊ သံလမ်းပြေးစစ်ဆေးရေးယာဉ်အမျိုးမျိုး၊ သံလမ်းပြုပြင်ထိန်းသိမ်းရေးစက်ကိရိယာအမျိုးမျိုး (Track  Main Tenance Equipment) တို့ကို ပြုပြင် ထိန်းသိမ်းမွန်းမံခြင်းများကို အင်ဂျင်နီယာ(အလုပ်ရုံ) ရန်ကုန်၊ ယန္တရားဌာနနှင့် နေပြည်တော်၊ ပျဉ်းမနား ယန္တရားဌာနတို့တွင် အဓိကဆောင်ရွက်လျက်ရှိ ပါသည်။