အချက်ပြနှင့်ဆက်သွယ်ရေးဌာန

အချက်ပြနှင့်ဆက်သွယ်ရေးဌာန ၏ နောက်ခံသမိုင်း

မြန်မာနိုင်ငံတွင် မီးရထားပြေးဆွဲခြင်းကို မေလ ၁ ရက်နေ့ ၁၈၇၇ ခုနှစ်က စတင်ခဲ့ပြီး ၎င်း အချိန် က အလံရွက်အချက်ပြစနစ် ( Semaphore Signal ) ကိုအသုံးပြုခဲ့ကြပါသည်။ ရထားပြေးဆွဲရေးလုပ်ငန်း တွင် အချက်ပြစနစ်က ရထားများအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးကို ဆောင်ရွက်ပေးရသည့် အတွက် အရေးကြီးသောအခန်းကဏ္ဍအဖြစ်ပါဝင်ပြီး ခေတ်စနစ်များပြောင်းလဲလာသည်နှင့်အမျှ ရထား အချက်ပြစနစ် များကိုလည်း အဆင့်မြှင့်တင်ပြောင်းလဲအသုံးပြုရန်လိုအပ်လာပါသည်။

နိုင်ငံတကာတွင်လည်း ရထားလုပ်ငန်းသည် နိုင်ငံ၏အရေးကြီးသော သယ်ယူပို့ဆောင်ရေးအခန်း ကဏ္ဍအဖြစ် တည်ရှိနေပါသည်။ ထို့ကြောင့်ကျွန်ုပ်တို့နိုင်ငံတွင်လည်း ရထား၏အခန်းကဏ္ဍကို ပြန်လည် မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတကာအကူအညီများရယူပြီး ကြိုးပမ်းလျက်ရှိရာ ဂျပန်နိုင်ငံ၏အကူအညီဖြင့် ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့် ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင် ခြင်း စီမံကိန်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

Operation Control Center (OCC) စီမံကိန်းကို ဂျပန်နိုင်ငံ၏ထောက်ပံ့ငွေဖြင့် ဆောင်ရွက် လျက်ရှိပြီး ရန်ကုန်ဘူတာကြီးကို ( ၁၆ . ၆ . ၂၀၁၈ ) ရက်တွင် လည်းကောင်း၊ မြန်မာနိုင်ငံအတွက် ပထမ ဦးဆုံးသော Automatic Level Crossing စနစ်တပ်ဆင်ထားသည့် ကျန်စစ်သားကားလမ်းကူးကို ( ၃၀ . ၁၀.၂၀၁၅) ရက်တွင်လည်းကောင်း တပ်ဆင်ပြီးစီး၍ ခေတ်နှင့် လိုက်လျောညီထွေစွာ တပ်ဆင် အသုံးပြု လျက်ရှိပါသည်။

ရန်ကုန်-မန္တလေးရထားလမ်းတစ်လျှောက်ရှိ မြို့နယ်များ၏ စီးပွားရေး၊ ခရီးသွားလာရေးများတွင် အဆင်ပြေချောမွေ့စေရေး၊ လိုရာခရီးကို အချိန်တိုအတွင်း ယာဉ်ကြောကြပ်တည်းမှုမဖြစ်စေဘဲ ရောက်ရှိ နိုင်ရေး၊ တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီလိုအပ်သော သယ်ယူပို့ဆောင်ရေး လိုအပ်ချက်များ ကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေး၊ ရထားများအန္တရာယ်ကင်းရှင်းစွာနှင့် လုံခြုံစိတ်ချ လျင်မြန်စွာ သွားလာနိုင်ရေးတို့အတွက်ဖြစ်ပါသည်။ ရန်ကုန် – မန္တလေးရထား လမ်းသည် 620 km ခန့်ရှည်လျား၍ ဒွေးလမ်း ( Double Line ) အမျိုးအစားဖြစ်ပါသည်။ မြန်မာ့မီးရထားအတွက်သာမက နိုင်ငံ၏သယ်ယူ ပို့ဆောင်ရေးအတွက် အရေးပါသော လမ်းကြောင်းတစ်ခုဖြစ်ပြီး စီးပွားရေး၊ လူမှုရေး အဓိကကျသော နေပြည်တော်၊ ပဲခူး၊ တောင်ငူ၊ မန္တလေးမြို့များကို ဖြတ်သန်းဖောက်လုပ်ထားသောလမ်း လည်းဖြစ်ပါသည်။ နိုင်ငံတကာရထား လမ်းကွန်ယက်များနှင့် ချိတ်ဆက်နိုင်သော အဓိကရထားလမ်း အဖြစ်သတ်မှတ်၍ အဆင့် မြှင့်တင်ပြုပြင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။

အချက်ပြနှင့်ဆက်သွယ်ရေးဌာနအနေဖြင့် ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းတွင် ရထားလမ်းတလျောက် ဘူတာ ( ၈၇ ) ဘူတာ၏ အချက်ပြစနစ်များကို Electronic / Relay Interlock Color Light Signal များသို့ အဆင့်မြှင့်တင်ခြင်း၊ ကားလမ်းကူး Level Crossing (၁၂၉)ခုကို အဆင့်မြှင့်တင်ခြင်း၊ ရထားလမ်းတလျောက် ဆက်သွယ်ရေးစနစ်ကို အဆင့်မြှင့်တင်ခြင်း၊  ရထားမတော် တဆမှုများကို ကောကွယ်နိုင်ရန် ရထားကိုအလိုအလျောက် ရပ်တန့်စေသောစနစ် Automatic Train Protection တပ်ဆင် ခြင်းများဖြင့် ပိုမိုလုံခြုံစိတ်ချရသော Safety ကောင်းမွန်သည့်စနစ်များဖြင့် 100 km / h ရထားမောင်းနှင်နိုင် ရန် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။

ထို့အတူ ရန်ကုန်မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းကို Electronic Interlocking (EI) စနစ်ဖြင့် ကြည့်မြင်တိုင်ဘူတာနှင့် အင်းစိန်ဘူတာ၊ Relay Interlocking (RI) စနစ်ဖြင့်  တညင်းကုန်းဘူတာ၊ မင်္ဂလာဒုံဘူတာနှင့် ပုရွက်ဆိတ်ကုန်းဘူတာတို့တွင်  ဆောင်ရွက်လျက်ရှိပါသည်။ ရန်ကုန်မြို့ပတ်ရထားလမ်းသည် 46 km ရှည်လျားပြီး Level Crossing (၂၅)ခုကို အဆင့်မြှင့်တင်ခြင်း၊ ရထားမတော်တဆမှုများကို ကာကွယ်နိုင်ရန် ရထားကိုအလိုအလျောက် ရပ်တန့်စေသောစနစ် Automatic Train Protection တပ်ဆင်ခြင်းများဖြင့် ပိုမိုလုံခြုံစိတ်ချရသော အချက်ပြစနစ်များဖြင့် တစ်နာရီလျှင် အမြန်နှုန်း 60 km ဖြင့် ရထားပြေးဆွဲနိုင်မည်ဖြစ်ပါသည်။