11
Dec

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် Mitsubishi Corporation တို့ကြား ရန်ကုန်-မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ အဆင့်(၂)ဖြစ်သော တောင်ငူ-မန္တလေး လမ်းပိုင်းနှင့် ရန်ကုန်မြို့ပတ်လမ်းပိုင်းများအတွက် DEMU ရထားတွဲသစ်များဝယ်ယူရန်စာချုပ်ချုပ်ဆို

နေပြည်တော် ဒီဇင်ဘာ ၁၀ ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် Mitsubishi Corporation တို့ကြား ရန်ကုန်-မန္တလေးလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်း၏ အဆင့်(၂)ဖြစ်သော တောင်ငူ-မန္တလေးလမ်းပိုင်း နှင့် ရန်ကုန်မြို့ပတ်လမ်းပိုင်းတို့တွင် အသုံးပြုပြေးဆွဲသွားမည့် ခေတ်မီလူစီးတွဲသစ် (Diesel Electric Multiple Unit-DEMU) ရထားတွဲ (၂၄၆)တွဲဝယ်ယူရန် စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားကို ဒီဇင်ဘာလ (၇) ရက် နေ့လည်ပိုင်းတွင် Video Conferencing စနစ်ဖြင့် နေပြည်တော်ဘူတာကြီးရှိ မြန်မာ့မီးရထားရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်-မန္တလေးလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်း၏ အဆင့်(၂)ဖြစ်သော တောင်ငူ-မန္တလေး ရထားလမ်းပိုင်းအတွက် DEMU ရထားတွဲ (၁၈၀)တွဲ၊ ရန်ကုန်မြို့ပတ်လမ်းပိုင်းအတွက် DEMU ရထားတွဲ (၆၆)တွဲ စုစုပေါင်း (၂၄၆)တွဲ ဝယ်ယူသွားမည်ဖြစ်ပါသည်။ လက်ရှိရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ပြေးဆွဲ နေသောရထားများမှာ ကီလိုမီတာ (၆၀)နှုန်းဖြင့်သာ ပြေးဆွဲနိုင်ပြီး မောင်းနှင်ချိန် (၁၅)နာရီ ကြာမြင့်သည်။ လမ်းပိုင်းတစ်ခုလုံးအဆင့်မြှင့်တင်ပြီးစီး၍ ယခုဝယ်ယူထားသော DEMU ရထားများ ရောက်ရှိလာပါက ကီလိုမီတာ (၁၀၀)နှုန်းမောင်းနှင်သွားမှာဖြစ်ပြီး ကြာမြင့်ချိန် (၈)နာရီဖြင့် မောင်းနှင်သွားနိုင်မည်ဖြစ်သည်။ လက်ရှိမြို့ပတ်လမ်းပိုင်းရထားများမှာ မြို့တစ်ပတ်ပြေးဆွဲချိန် ၂ နာရီ ၅၀ မိနစ်ကြာမြင့်ပြီး လမ်းပိုင်းများ အဆင့်မြှင့်တင်ပြီးစီး၍ DEMU ရထားများဖြင့် ပြေးဆွဲလျှင် မောင်းနှင်ချိန် ၁ နာရီ ၅၀ မိနစ်သာ ကြာမြင့်မှာဖြစ်ပြီး အချိန် (၁)နာရီခန့် လျော့ချပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

DEMU ရထားများဖြင့် ပြောင်းလဲပြေးဆွဲနိုင်ခြင်းဖြင့် ရထားစီးခရီးသည်များ သက်တောင့်သက်သာ ဖြင့် လိုရာခရီးကို ဆောလျင်စွာရောက်ရှိနိုင်မည်ဖြစ်ကြောင်းနှင့် မြန်မာ့မီးရထားအနေဖြင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့် ပူးပေါင်းလျက် ရထားဖြင့်ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့မီးရထား