မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့်ကုန်စည် စီးဆင်းမှုမြန်ဆန်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများကို ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် မန္တလေး-လားရှိုးလမ်းပိုင်းရှိ ပြင်ဦးလွင်-ဂုတ်ထိပ် အပိုင်းတွင်ပြည်တွင်းမှ ခရီးသွား လာမည့် ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားလာသူများအား သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးအား လေ့လာကြည့်ရှုနိုင် ရန်၊ လမ်းခရီးရှိရေမြေတောတောင်သဘာဝရှုခင်းများ လေ့လာကြည့်ရှုနိုင်ရန်၊ ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် (အသွား/အပြန်)ခရီးစဉ်အား ဒီဇင်ဘာလ ၂၂ ရက် (ကရင်နှစ်သစ်ကူးရုံးပိတ်ရက်) နေ့မှစတင်၍ နေ့စဉ်ပြေးဆွဲပေးသွားမည် ဖြစ်ပါသည်။ ပြေးဆွဲရာတွင် RBE ရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီခွဲတွင် ထွက်ခွာ၍ ဂုတ်ထိပ် ဘူတာသို့ မွန်းလွဲ ၁ နာရီတွင် ရောက်ရှိမည်ဖြစ်ပါသည်။ ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ ၂ နာရီတွင် ပြန်လည်ထွက်ခွာပြီး ပြင်ဦးလွင်ဘူတာသို့ ညနေ ၅ နာရီခွဲတွင်ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။ ခရီးစဉ်တွင် ခရီးသည်(၄၀)ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချို ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်ပါသည်။ လက်မှတ်ခနှုန်းထားအနေဖြင့် ခရီးသည် တစ်ဦးလျှင် ခရီးစဉ် အစ/အဆုံး (၃၅၀၀)ကျပ်နှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။

မြန်မာ့မီးရထားအနေဖြင့် လက်ရှိပြေးဆွဲပေးလျက်ရှိသောရထားခရီးစဉ်များတွင် ခရီးသည်   စီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားတွဲဆိုင်းများပိုမိုချိတ်ဆက်ခြင်း၊ ရထားစင်းရေတိုးမြှင့် ပြေးဆွဲခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ခရီးသွားမိဘပြည်သူများအနေဖြင့် လုံခြုံစိတ်ချစွာ လိုက်ပါစီးနင်းနိုင်ပါကြောင်း မြန်မာ့မီးရထားမှသတင်းရရှိပါသည်။

မြန်မာ့မီးရထား